| Friday, 14 August 2009 11:28 | |||
|
အလုပ်နှင့် အပြော တူညီရန်ခက် သာကီနွယ် (14-8-09)
ယခုရက်ပိုင်းများအတွင်း သာကီနွယ် သတင်း Web page တွင် သတင်းများ တင်ခြင်း အတွက် connection အခက်အခဲ ၊ Harker များ ဒဏ်ကြောင့် webpage အား ပြန်လည်တည်ဆောက်နေရသည့် တစ်ကြောင်း ၊အကြောင်းများစွာ ကြောင့် သတင်းရေးသား တင်ပြနေခြင်းများ ဆိုင်းငံ့သွားခဲ့ပါသည်။
ယခင်လပိုင်းများ ကလည်း တိုက်ခိုက်ခံရသည့် အတွက် ပြန်လည်တည်ဆောင်ရသည်မှာ လပိုင်း မျှ ရပ်နား ထားရပါသည်။ မည်သို့ပင် ဖြစ်စေ ၊ ဘယ်လိုပင် တိုက်ခိုက် တိုက်ခိုက် လူးလွန့် ထိုးထွက်လာကာ စာဖတ်ပရိသတ်များ အား သတင်းရေးသားခြင်းဖြင့် ပေးဆပ်သွားပါသည်။
မိမိ webpage ခေတ္တ ရပ်ဆိုင်းသွားချိန် အခြား သတင်းဌာနများမှ ထုတ်လွှင့်ထားသော နိုင်ငံ ရေးနှင့် သက်ဆိုင်သည့် အကြောင်းအရာများ လိုက်လံဖတ်ရှုခဲ့ရာ ဘိုဘိုကျော်ငြိမ်းရေး သားသည့် နိုင်ငံရေး စစ်တမ်းဆိုသည် ခေါင်းစဉ် သည် အလွန်လူပြောများပြီး NLD ဌာနချုပ်တွင်လည်း အဆိုပါ ဘိုဘိုကျော်ငြိမ်းရေး သားသည့် နိုင်ငံရေး စစ်တမ်းများကို ကြိတ်ဝိုင်း ဝေဖန်ဆွေးနွေးမှုများ ရှိခဲ့ပါသည်။
ဘိုဘိုကျော်ငြိမ်းရေးသားသည့် စာမူသည်ကောင်းပါသည်။ သို့သော် အလုပ်နှင့် အပြော တူညီ အောင်လုပ်ရန်ခက်ခဲပါသည်။ မြင်တာတွေ ပြောမည်ဆို ပါက ပြောပြ မကုန်ပါ။ ကြားတာတွေ ပြန်လည်ဖေါက်သည်ချခြင်းသည်လည်း ထိုနည်းတူပင် ဖြစ်ချေသည်။
ဝေဖန်ဆွေးနွေးချက်များ ကို အကောင်အထည်ဖေါ် လိုက်လံဆောင်ရွက်ရန် လိုပါသည်။ မြန်မာလူမျိုးများ ၏ အကွဲအပြဲ ဇာတ်လမ်းများသည် ဒုနှင့် ဒေး ရှိပါသည်။ ပြည်ပရောက် လေ ပိုမို သွေးကွဲလေ ဖြစ်ပါသည်။ အတ္တ နှင့် ပရ မျှတ စွာ ဆောင်ရွက်နိုင်သူ လွန်စွာ ရှားပါးပါသည်။
တော်လှန်ရေး ကောင်စီ မတိုင်ခင် ဖဆပလ ခေတ်ကတည်း ကွဲကြပါသည်။ ယခုလည်း ကွဲနေကြပါသည်။ အစိတ်စိတ်အမွှာအမွှာ ကွဲနေသော နိုင်ငံ ရေး အင်အားစုများ မဟာဗျူဟာမြောက်အန္တိမ ရည်မှန်းချက်ထားရှိသောလည်း အဆိုပါ ရည်မှန်းချက်သည် အုတ်နံရံ ခေါင်းနှင့် ဆောင့်သောရည်မှန်းချက် ဖြစ်နေသည့် အတွက် ဘယ်သော အခါမှ အောင်မြင်မှု မရသော ရည်မှန်းချက်တစ်ခု ဖြစ်ပါသည်။
ဒီမိုကရေစီ ထက် အရေးကြီးတာ ရှိပါသည်။ တိုင်းပြည် ကြွယ်ဝချမ်းသာ ရေးပင် ဖြစ်ပါသည်။ မလေးရှား စင်္ကာပူသည် ဒီမိုကရေစီ နိုင်ငံ ဖြစ်သောလည်း တစ်ပါတီ စနစ်သာကျင့်သုံးပါသည်။ တိုင်းပြည် ကြွယ်ဝ ချမ်းသာ ခြင်းကြောင့် ဒီမိုကရေစီ ခေါင်းဆောင်များ ရာသက်ပန် ကဗ္ဖည်း မော်ကွန်းတင်နေဆဲ ဖြစ်ပါသည်။
စင်္ကာပူ က ဂိုချုပ်တောင်၊ မလေးရှား က မဟာသီယာ မိုဟာမက် တို့သည်တိုင်းပြည်ဖွံ့ဖြိုး တိုးတက်ရေး နှင့် ပြည်တွင်း တည်ငြိမ်အေးချမ်းရေး ကို ဇောင်းပေးလုပ်ဆောင်ခဲ့ပါသည်။ အလားတူ အင်ဒိုနီးရှား နိုင်ငံ ယူဒီယူနိုသည်လည်း ထိုးနည်းတူစွာပင် ဖြစ်ပါသည်။
လက်ရှိ မြန်မာ နိုင်ငံရေး တွင် လူပုဂ္ဂိုလ် တစ်ဦးတစ်ယောက် ကို မဏ္ဍိုင်ပြုကာ တောင်းဆိုနေမှုများသည် မှားယွင်းနေပါသည်။ သူမ ဦးဆောင်၍ လုပ်ကိုင်မှသာ တိုင်းပြည် ဖွံ့ဖြိုးတိုးတက်မည် ဆိုသည်မှာ လုံးဝမှားယွင်းပါသည်။ မြန်မာစကားပုံတွင် တက်မရှိ လက်နှင့် လှော် စကားပုံရှိပါသည်။ထိုနည်းလည်းကောင်း သူမရှိ အလုပ်မဖြစ် ၊ သူရှိမှ ရမည် ဆိုသည်မှာ မည်သူ တစ်ဦးတစ်ယောက်မှ လက်မခံပါ။
အဓိက ဖြစ်သည့် တိုင်းပြည် တည်ငြိမ်အေးချမ်းရေး နှင့် လူမှုစီးပွားရေး ဖွံ့ဖြိုးတိုးတက်ရေး သည် လူပုဂ္ဂိုလ်ပေါ် မဏ္ဍိုင်ပြုပါက အသက်တစ်ရာ အထိ ရှည်အောင် ပြုစုဆောင်ရှောက် ထားရမလို ဖြစ်နေပါသည်။
ဥပမာအားဖြင့် အိမ်တစ်အိမ် တွင် မိသားစု ၇ ယောက်ရှိသည်။ တစ်နေလုပ်မှ တစ်နေစားရသည်။ မိသားစု ၇ ယောက်မှာ အားလုံးနီးပါး အလုပ်အကိုင်နှင့် သို့သော ပညာအရည်အချင်း နည်းပါးကြသည်။ နေ့စဉ် ဆူပူကြိမ်းမောင်းမှုများနှင့် ကြီးနိုင်ငယ်ညှင်း စိတ်ဓါတ်များကြောင့် ညီအကို မောင်နှမအချင်းချင်း ရန်များနေကြရသည်။
ခေါင်းရင်းအိမ်နှင့် ခြေရင်းအိမ်များကတော့ ကြွယ်ဝချမ်းသာ ကြသည်။ ပညာတက်ကြသည်။စီးပွားရေး ကောင်းကြသည်။ စီးပွား တက်လာတာကလည်း တစ်နေ့ တစ်ခြား တိုးတက်လာတဲ့ပဲရှိသည်။ သူတို့ အိမ် တွင်းမှာလည်း အနည်းအကျဉ်းမျှသာ ရန် ဖြစ်သံ ကြားရသည်။ သို့သော ကျယ်ကျယ်လောင်လောင်မဖြစ်။
အိမ် ၂ အိမ်ကြားတွင် နေရသော ဆင်းရဲသား မိသားစု အနေဖြင့် ဘာလုပ်သင့်သည် ဆိုတာကို လမ်းထိပ်က ကွမ်းယာဆိုင်က သူကို မေးရင် တောင် သိနိုင်ပါသည်။ ဘာလုပ်ရမလဲ။ရှင်းပါသည်။ ပညာအရည်အချင်းရှိသော မိသားစု ဖြစ်ရေး နှင့် အိမ်ရဲ့ စီးပွားရေး ကောင်းမွန်ရေး အတွက်အလုပ်ကျိုးစားလုပ်ကိုင်ရေး နှင့် ရရှိလာသော ငွေကြေးများကို ချွေတာ စုဆောင်းရေး ပင် ဖြစ်ပါသည်။ ရန်ဖြစ်နေလို့က အိမ် ရဲ့ စီင်္းပွားရေး တိုးတက်မည် မဟုတ်၊ ထိုနည်းလည်းကောင်းပင် အိမ်တစ်အိမ်နှင့် တူသော မိမိတို့ အမိ မြန်ပြည် ကိုလည်း တိုးတက်အောင်လုပ်ရန်လိုပါသည်။ ရန်ဖြစ်နေလို့ မပြီးပါ။ အိမ်ထောင်ဦးစီးလူကြီး ပြောစကား နားထောင်ရန်လိုပြီး အတိုက်အခံ ပြုနေစရာ မလိုပါ။ ညှိညှိနှိုင်း နှိုင်း တိုင်တိုင်ပင် ပင် ဖြင့် လုပ်ဆောင်သွားသင့်ပါသည်။ အိမ် တစ်အိမ် အတွင်းမှအိမ် စည်းကမ်းများကို အတက်နိုင်ဆုံးလိုက်နာ သွားရန် လိုအပ်သလို မိမိ လိုချင်သော ပြောင်းလဲလိုသော စည်းမျဉ်း စည်းကမ်းများကို ညှိနှိုင်းဆောင်ရွက်သွားရန် လိုပါသည်။
အိမ်တစ်အိမ် တွင် သားသမီးများ များစွာရှိပြီး အားလုံး ကို တစ်ပြေးညီတည်း ဆက်ဆံသွားပြီး မည်သူကိုမျှ မျက်နှာ သာ မပေးဘဲ ဆက်ဆံသွားသည့် ဖခင်ကို လိုက်လိုက်လျောလျော ဆက်ဆံသွားကာ ကိုယ်လိုချင်သော အရာ ကိုရယူုရန် လိုအပ်သလို ၄င်းနည်းတူတိုင်း ဆောင်ရွက်သွားရန် လိုအပ်ကြောင်း နှင့် အပြောနှင့် အလုပ် လက်တွေ့ညီစွာ လုပ်ဆောင်သွားပါက အခြား ပြောစရာ မရှိပါ-------------- (ဆက်လက်ဖေါ်ပြသွားပါမည်)
Add your comment
|
|||
| Last Updated on Friday, 14 August 2009 11:43 |


