|
Friday, 14 May 2010 10:25 |
|
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ပါတီပြန်လည် မှတ်ပုံတင်ခြင်းကို မလုပ်တော့ဘူးဆိုတော့ စစ်အစိုးရ ရဲ့ ဥပဒေ အရဆိုရင် တရားဝင်နိုင်ငံရေး ပါတီဘဝကနေ တရားမဝင်ပါတီအဖြစ် ရောက်ရပါတော့မယ်။ ခုထိတော့ ရန်ကုန် က အန်အယ်ဒီ ဆိုင်းပုတ်ကို ဇွတ်အတင်း ဖြုတ်ချနေပြီလို့တော့ မကြားရသေး ပါဘူး။ သို့သော် ရေရှည်မှာတော့ အန်အယ်ဒီဟာ တရားဝင်ပါတီအဖြစ် ဆက်လက်ရပ်တည်ခွင့် ရဖို့ ဆိုတာကတော့ မသေချာလှပါဘူး။
ကိုင်း အန်အယ်ဒီဟာ တရားဝင်ပါတီအဖြစ် မရှိတော့ဘူး ဆိုပါစို့။ တရားဝင်နိုင်ငံရေး ဇာတ်ခုံကနေ ပျောက်ကွယ် သွားပြီ ဆိုပါစို့။
နှစ်ပေါင်းများစွာ ဒေါ်စုကို မကောင်းပြောခဲ့တဲ့ သူတွေ ဘာဆက်ပြောကြဦးမလဲဆိုတာ နားထောင် ကြည့်ချင်ပါ သေးတယ်။ ဒေါ်စုခေါင်းမာနေလို့ မြန်မာပြည် ဒီမိုကရေစီအရေးဟာ နှောင့်နှေးနေတယ်လို့ ပြောခဲ့တဲ့သူများ ဘာများဆက်ပြောကြပါဦးမလဲ။ သူတို့ပြောတဲ့ ခေါင်းမာသူရဲ့ ပါတီက တရားဝင် နိုင်ငံရေးပါတီ မဟုတ်တော့ ဘူးဆိုရင် အဲသည့်လူများ ဘယ်သူ့ကို အပြစ်တင်ကြဦးမလဲ။ မြန်မာပြည်မှာ ဒီမိုကရေစီ ဖြစ်ထွန်းမှု နှေးကွေးတာ ဒေါ်စုကြောင့်ဆိုပြီး အပြစ်ပုံချနေသူများ အခုတော့ ဘယ်သူ့ကို တရားခံရှာကြဦးမလဲ။
လက်လှမ်းမှီသလောက် ကျနော် နာမည်တွေနဲ့ တပ်ပြောပါ့မယ်။ တလောက ကွယ်လွန်သွားတဲ့ ရန်ကုန်က ဦးရဲထွန်း။ သူဟာ ဦးသုဝေနဲ့လည်း အလွန်နီးစပ်တဲ့ နိုင်ငံရေးသမား တဦးပါ။ နောက် သည်ဗွိုက်စ်ဝိခ်လီး ဂျာနယ်ကို ထုတ်ဝေနေဲ့ ဒေါက်တာ နေဝင်းမောင်တို့နဲ့ သူတိုရဲ့ အီးဂရာ့စ်လို့ခေါ်တဲ့ တတိယလှိုင်း အဖွဲ့၊ ချင်းမိုင် ဘီအမ်အေ ကွန်ဖရင့်ကို လာသွားတဲ့ ဒေါက်တာ ခင်ဇော်ဝင်း၊ ပါမောက္ခ ကျော်ရင်လှိုင် စတဲ့သူများဟာ နိုင်ငံ တကာခရီးစဉ်တွေ၊ ကွန်ဖရင့်တွေ တက်ရောက်နိုင်ခွင့် ရှိတဲ့သူတွေ ဖြစ်ပါတယ်။ နိုင်ငံတကာနဲ့ ထိတွေ့ဖို့ အခွင့်အလမ်း ရှိသူတွေ ဆိုရင်လည်း မမှားပါဘူး။ အဆိုပါ ပုဂ္ဂိုလ်များမှာ သူတို့ယုံကြည်တဲ့ နိုင်ငံရေးလမ်းစဉ် အယူအဆတွေ ရှိပါလိမ့်မယ်။ ဒါဟာ သူတို့ရဲ့ အခွင့် အရေးဖြစ်ပါတယ်။ ဘယ်သူကမှ ပိတ်ပင်လို့မရပါဘူး။ ပိတ်ပင်လို့လည်း တရားမှာ မဟုတ်ပါဘူး။ သူတို့နဲ့ ဒေါ်အောင်စုဆန်းစုကြည် အကြားမှာ မတူညီတဲ့ အတွေး အမြင်တွေလည်း ရှိပါလိမ့်မယ်။ မတူတာလည်း ပြဿနာ မဟုတ်ပါဖူး။
ဒီမိုကရေစီ ဖြစ်ထွန်းမှုအတွက် မတူညီတဲ့ အတွေးအမြင် အယူအဆတွေ ရှိနေတာဟာ အပြစ်တင် ရမဲ့ ကိစ္စ မဟုတ်ဘူး ဆိုတာ ဒီမိုကရေစီကို နားလည်သဘောပေါက်သူတိုင်း သိပါတယ်။
သို့သော် အထက်မှာ ကျနော်ဖော်ပြထားတဲ့ လူပုဂ္ဂိုလ်များဟာ ဒေါ်အောင်ဆန်းစုကြည်နဲ့ ပတ်သက် လာရင် လူချောင်းရိုက်သလို အလုပ်များ လုပ်တတ်ပါတယ်။ ဒေါ်စုကြောင့် မြန်မာပြည်ကြီး ဒီမိုကရေစီ ရဖို့ နှေးနေ တယ်လို့ သူတို့ပြောကြပါတယ်။ စစ်အာဏာရှင်တွေကြောင့် ဒီမိုကရေစီ ဆိတ်သုဉ်း နေတယ်လို့ သူတို့တခါမှ ထောက်မပြဘူးပါ။ သူတို့ပြောသလို ဒေါ်စုတဦးတည်း မှာသာ တာဝန်ရှိ တယ်ဆိုရင် စစ်အာဏာရှင်တွေက အပြစ်ကင်းစင်သူကြီးတွေလို ဖြစ်နေပါတယ်။ သူတို့အပြောအရ ဆိုရင် အပြစ်ရှိသူက ဒေါ်စုသာ ဖြစ်နေပါတယ်။ သို့သော် အဲသည့် စကားများကို သူတို့က ဒီမိုကရေစီ လိုလားသူများ ရှေ့မှောက်မှာ ပြောခဲပါတယ်။ အထူးသဖြင့် နိုင်ငံခြားသားများကိုသာ သူတို့က ရင်ဖွင့်လေ့ရှိပါတယ်။ မြန်မာပြည်အကြောင်း ကောင်းကောင်း မသိတဲ့ နိုင်ငံခြားသား တချို့ကတော့ သူတို့အပြောကြောင့် ဒေါ်စုကို ခေါင်းမာသူအဖြစ် မြင်ကြပြန် ပါတယ်။ ဒါတွေက ကျနော်တို့အနေနဲ့ တချို့နိုင်ငံခြားသားတွေဆီက ပြန်ကြားရတာပါ။
ပါမောက္ခ ကျော်ရင်လှိုင်ကတော့ ကျနော့်ကို နှစ်ဦးချင်း မေးခွန်းတခု မေးပါတယ်။ ဒေါ်စုမပါဘဲ စစ်တပ်က ဒီမိုကရေစီပေးရင် ခင်ဗျားတို့ မယူကြတော့ဘူးလား ဆိုတဲ့ မေးခွန်းဖြစ်ပါတယ်။ ကျနော်တို့ ဒီမိုကရေစီ အကြောင်းကို ပြောတဲ့နေရာမှာ လူပုဂ္ဂိုလ် ကိုးကွယ်မှု မပါပါဘူး။ ထည့်သွင်းစဉ်းစား ခြင်းလည်း မရှိပါဘူး။ ကျနော့်ကို မေးခွန်းအဲသလို မေးတာကိုက ကျနော်တို့က ဒေါ်စုဘာလုပ်လုပ် မျက်စေ့မှိတ် ထောက်ခံနေတဲ့ သူများဖြစ်လို့ မေးရတယ်ဆိုတဲ့ သဘောမျိုး ပေါက်နေပါတယ်။
စစ်တပ်က ဒေါ်စုမပါရင် တကယ်ဘဲ ဒီမိုကရေစီ ပေးမယ်လို့ ထင်ပါသလား။ မထင်ပါဘူး။ သူတို့ ကတော့ ဒေါ်စုမပါတော့ရင် တရန်အေးတယ်လို့တောင် ပြောကြဦးမှာပါ။ ထားပါတော့။ အကယ်၍၊ ကျနော် အကယ်၍လို့ စကားခံထားပါတယ်။ ဒေါ်စုမပါရင် ခေါင်းဆောင်နေရာကနေ နုတ်ထွက်သွားရင် စစ်တပ်က အမှန်ကတယ် ဒီမိုကရေစီပေးမယ် ဆိုပါတော့။ အဲသလိုသာ တကယ်ဖြစ်မယ်ဆိုရင် ကျနော် ပြောရဲပါတယ်။ ဒေါ်စုက ကျမ ကိုငဲ့မနေပါနဲ့ ကျမမပါဘဲ ဒီမိုကရေစီပေးမယ်ဆိုရင်လည်း ယူလိုက်ပါ။ ကျမ မပါပါဘူးလို့တောင့် သဘောထား ကြီးကြီးနဲ့ ပြောပြီး ခေါင်းဆောင်နေရာက နုတ်ထွက်တောင် ပေးပါလိမ့်မယ်။
ဒီဆောင်းပါးထဲမှာ အခုလို လူနာမည်တွေနဲ့ တပ်ရေးရတာကတော့ ကျနော်လည်း စိတ်မကောင်းပါ။ သို့သော် မျိုးဆက်သစ်တွေ ကြားမှာ နောင်အတွက် ရှုတ်ရှုတ်ထွေးထွေး မဖြစ်ရလေအောင် အခု ကတည်းက ဘွင်းဘွင်းရေးဖို့ အချိန်တန်ပြီလို့ ယူဆပြီး ရေးတာဖြစ်ပါတယ်။ နောက်တချက်လည်း ဒီလိုမှ ပွင့်ပွင့်လင်းလင်း မရေးကြဘူးဆိုရင် နောင်မှာ သည့်ထက်ပိုပြီး ရောင့်တက်လာမှာ စိုးတဲ့ အတွက်လည်း ဖြစ်ပါတယ်။ တိုင်းပြည်နဲ့ အဝှမ်း ကိုယ့်တိုင်းသူပြည်သားတွေကိုတောင် ရက်ရက် စက်စက် သတ်ဖြတ် အုပ်ချုပ်နေတဲ့ အာဏာရှင်အစိုးရနဲ့ သူတို့နောက်လိုက်တွေကို ရှေ့ရှောက် ဘာကိုမှ ထောက်ထားပြီး အားနာစရာ၊ နုတ်ဆိတ်နေစရာ မလိုတော့ ဘူးလို့ ပြောပါရစေ။
နိုင်ငံရေး ဇာတ်ခုံပေါ်မှာ အဲန်အယ်ဒီပါတီ တရားဝင်မရှိတော့တဲ့ နောက်ပိုင်း မြန်မာပြည်ရဲ့ ဒီမိုကရေစီ အရေး ဟာ ဆက်ပြီးနှေးကွေးနေတယ်ဆိုရင် ဒီတခါတော့ အဆိုပါပုဂ္ဂိုလ်များ ဘယ်သူဘယ်ဝါကို တရားခံ ရှာကြဦးမလဲ ဆိုတာ ဆက်ပြီးစောင့်ကြည့်ကြတာပေါ့။ သေချာတာကတော့ စစ်တပ်ကြောင့် ဒီမိုကရေစီရေးဟာ နှေးရပါ တယ်လို့တော့ ဒီလူတွေ ပြောမှာမဟုတ်ပါဘူး။
ဇော်မင်း (လူ့ဘောင်သစ်) ၁၂ ရက် မေလ ၂ဝ၁ဝ ခုနှစ်
|
|
Last Updated on Friday, 14 May 2010 10:30 |
Copyright © 2009 Tharkinwe Myanamr True News. All Rights Reserved.
အခြား Link များ
Hit Account
Content View Hits : 1398859
လက်ရှိကြည့်ရှုနေသူ
We have 5 guests online
ကြေညာချက်အမှတ်(၁/၂၀၀၇)

ပါတီခေါင်းဆောင် ဒေါ်စုကြည် အနေဖြင့် အောက်ဖေါ်ပြပါ အချက် များအား လိုက်နာပါက နိုင်ငံတော်အကြီးအကဲ ကိုယ်တိုင် လက်ခံတွေ့ဆုံဆွေးနွေးမည် ဖြစ်ကြောင်း ကြေညာခဲ့ပါသည်။
(၁) ထိပ်တိုက်ရင်ဆိုင်ရေး၊ အလုံးစုံ ပျက်သုန်းရေး။
(၂) မြန်မာနိုင်ငံအား စီးပွားရေး အဆက်အသွယ်ဖြတ်တောက်ရေး အပါအ၀င် အလုံးစုံ ပိတ်ဆို့ရေး အား ဒေါ်စုကြည်မှ စွန့်လွှတ်သွားရေး ကြေညာရန် ဖြစ်ပါသည်။
အင်:ယားအလွမ်းပြေ
အင်ယားအလွမ်းပြေ

I would like all the people to know the truth. what kind of person Daw Su is ?
A student who get exam question before his exam But he never pass the exam.