|
Friday, 14 May 2010 10:56 |
ဒီမိုကရေစီရေးကို အသက်ကယ်လှေအဖြစ် ထမ်းဆောင်မည်ဟု ဦးခင်မောင်ဆွေ ပြောကြား
NEJ / ၁၃ မေလ ၂၀၁၀
( ကွဲသွားတာလား? ခွဲသွားတာလား? ကိုယ်ပွားပါတီလား? မသိ ဖြစ်နေသော ဦးခင်မောင်ဆွေ နှင့် ဒေါက်တာသန်းငြိမ်း တို့ အဖွဲ့ကို ကြီးမိုက်ကြီး ဦးဝင်းတင်က ဒေါင်းယောင်ဆောင်သော ကျီးမိုက်များ ဟု တင်စားလိုက်ကြောင်း မဇ္ဈိမ အင်တာနက် သတင်းစာမျက်နှာ တစ်ခုတွင် ဖတ်လိုက်ရပါသည်။
တဖန် ဦးခင်မောင်ဆွေ က ဖေါ်ပြပါ သတင်းဖြင့် ပြန်လည် ခွန့်တုံ့ပြန်ထားပါသည်။ မညီမညွတ် သော ဒီင်္မိုကရေစီရေး ဖေါ်ဆောင်သူများကို ဘယ်လိုနားလည်ရမလဲလို့ မသိနိုင်အောင် ဖြစ်နေ ပါတယ်။ ဦးဝင်းတင် က လူထုဖက်မျက်နှာမူမယ် ဆိုပြီး ကာလပေါ် တီးလုံးများကို တီးလိုက်၊ ဦးခင်မောင်ဆွေ ကလည်း မပြီးဆုံးသေးသော တာဝန်များကို ထမ်းဆောင်သည့် ဟု ပြောလိုက် ငြင်းခုံကြတာကို ဒီဆောင်းပါးလေးနဲ့ ဂုဏ်ပြုလိုက်ပါတယ်)
အန်အယ်လ်ဒီပါတီသည် တရားဝင်ရပ်တည်မှု မရှိတော့သည့်အတွက် အန်အယ်လ်ဒီ၏ မပြီးဆုံးသေးသည့်တာဝန်ကို တာဝန်သိသိ ဆက်လက် ထမ်းဆောင်ပေးခြင်းဖြစ်ကြောင်း အန်အယ်လ်ဒီဗဟိုအလုပ်အမှုဆောင် ကော်မတီဝင်ဖြစ်ခဲ့သူ ဦးခင်မောင်ဆွေက ပြောကြားသည်။
၎င်းက “ကျနော်တို့ပါတီက ခွဲထွက်တယ်ဆိုတာ မဟုတ်ဘူး။ ဒေါက်တာစိန်ဝင်းတို့ ဖွဲ့တဲ့ lifeboat ပါတီလိုပဲ ကိုယ့်ကိုယ်ကိုယ် စိတ်ထဲမှာတော့ ယူဆတယ်။ လက်ခံတာ လက်မခံတာတော့ မတတ်နိုင်ဘူးပေါ့ဗျာ။ lifeboat ဆိုတာကတော့ ဒီမိုကရေစီကို သယ်ဆောင်ဖို့အတွက် အဆင်သင့်မရှိတော့တဲ့အချိန်မှာ ဒီမိုကရေစီရေးကို အသက်ကယ်လှေအဖြစ် ထမ်းဆောင်မယ့် သဘောပါ။ အန်အယ်လ်ဒီက မရှိတော့တဲ့အတွက် အန်အယ်လ်ဒီကိုယ်စား လုပ်တာမဟုတ်ဘူး။ မရှိတော့တဲ့အတွက် ကျနော်တို့က ကျနော်တို့တာဝန်တွေကို ဆက်ထမ်းဖို့အတွက် ထမ်းဆောင်တာဖြစ်တယ်။ ခွဲထွက်တာလည်း မဟုတ်ဘူး၊ မရှိတော့တဲ့အတွက် လုပ်ရတာဖြစ်ပါတယ်” ဟု ပြောသည်။
ဦးခင်မောင်ဆွေသည် အမျိုးသားဒီမိုကရေစီအင်အားစု (National Democratic Force) အမည်ဖြင့် နိုင်ငံရေးပါတီတခု တည်ထောင်ဖွဲ့စည်းရန် ဦးဆောင်စီစဉ်နေသည့် အန်အယ်လ်ဒီ ဗဟိုအလုပ်အမှုဆောင်အချို့တွင် တဦးအပါအ၀င်ဖြစ်သည်။
၎င်းတို့အဖွဲ့သည် အန်အယ်လ်ဒီပါတီ ဆက်လက်မှတ်ပုံမတင်တော့သည့် ဆုံးဖြတ်ချက်အပေါ် သဘောမတူခဲ့ကြသူများဖြစ်ပြီး ယခုလ မေ (၆) ရက်တွင် အန်အယ်လ်ဒီ မှတ်ပုံတင်ရန် သက်တမ်းကုန်ဆုံးပြီးနောက် ပါတီသစ်ဖွဲ့စည်းရေးအတွက် ဦးဆောင်လုပ်ကိုင်နေသူများဖြစ်သည်။
“နိုင်ငံရေးတာဝန်တွေ မပြီးဆုံးသေးတဲ့အတွက်ကြောင့်မို့ ပြည်သူတွေကို နိုင်ငံရေးအသက်ကယ်လှေအဖြစ်နဲ့ ကျနော်တို့က စစ်မှန်တဲ့ဒီမိုကရေစီကို သယ်ဆောင်နိုင်မယ့်အုပ်စုလို့ ပြည်သူတွေက စဉ်စားထားတဲ့အတွက်ကြောင့်မို့၊ အန်အယ်လ်ဒီဟာ နှစ်ပေါင်း (၂၀) ကျော်ကြာ ပြည်သူလူထုအကျိုးစီးပွားကို စွမ်းစွမ်းတမံလုပ်ခဲ့တဲ့အတွက်ကြောင့်မို့ ပြည်သူကို တကယ်တမ်း ဒီမိုကရေစီ စွမ်းအားတွေ ပေးနိုင်မှာက ဒီအဖွဲ့ ဒီလူတွေပဲဖြစ်တယ်။ နောက် ဒီအဖွဲ့ ဒီလူတွေကပဲ ပြန်ပြီးတော့ကာ ပါတီနိုင်ငံရေးမသွားချင်တဲ့သူက မသွားဘူးပေါ့ဗျာ။ သူတို့သဘောပေါ့ဗျာ။ သွားချင်တဲ့ကျနော်တို့ကတော့ ပြည်သူတွေအတွက် lifeboat နိုင်ငံရေး အသက်ကယ်ဆိုတဲ့သဘောနဲ့ ကျနော်တို့ ဆက်ပြီးတော့ သွားမယ်ဆိုတဲ့ ရည်ရွယ်ချက်ပါပဲ” ဟု ဦးခင်မောင်ဆွေက ပြောသည်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (အန်အယ်လ်ဒီ) ကမူ စစ်အစိုးရထုတ်ပြန်သည့် ရွေးကောက်ပွဲဥပဒေများသည် တရားမျှတမှု လုံးဝမရှိသည့်အတွက် အန်အယ်လ်ဒီက ပါတီအဖြစ် ထပ်မံမှတ်ပုံမတင်ရန် ဗဟိုဦးစီးအဖွဲ့ အစည်းအဝေးက ဆုံးဖြတ်ကြောင်း ပြီးခဲ့သည့်မတ် (၂၉) ရက်တွင် ထုတ်ပြန်ကြေညာခဲ့သည်။
ထိုသို့ အစည်းအဝေးဆုံးဖြတ်ချက်ကို ဦးခင်မောင်ဆွေ၊ ဒေါက်တာသန်းငြိမ်း၊ ဦးသိန်းညွန့်၊ ဒေါက်တာဝင်းနိုင် အစရှိသည့် ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင်အချို့က သဘောမတူဘဲ စစ်အစိုးရ ပြုလုပ်မည့် ရွေးကောက်ပွဲဝင်ရန် ပါတီသစ် စုစည်းတည်ထောင်နေခြင်းဖြစ်သည်။ ၎င်းတို့ပါတီကို မေ (၂၃) ရက်ထက် နောက်မကျဘဲ မှတ်ပုံတင်မည်ဟု ဦးခင်မောင်ဆွေက ပြောသည်။
ယင်းသို့ ဦးခင်မောင်ဆွေက အန်အယ်လ်ဒီပါတီ မရှိသည့်အတွက်ဟု ထည့်သွင်းပြောဆိုသွားချက်အပေါ် အန်အယ်လ်ဒီ ဗဟိုအလုပ်အမှုဆောင်တဦးဖြစ်သူ ဦးဝင်းတင်က အန်အယ်လ်ဒီပါတီမရှိဘူးဟု လက်ခံသူများမှာ ၎င်းတို့အယူအဆသာ ဖြစ်သည်ဟု ပြောဆိုသည်။
“ပါတီမရှိဘူးလို့ လက်ခံတာ သူတို့ရဲ့အယူအဆပဲ။ ကျနော်တို့ကတော့ ဒီနေ့ပါတီရှိနေတယ်။ ဒါကြောင့် ဒီနေ့ကျနော်တို့ နိုင်ငံရေးဆက်လုပ်မယ်လို့ ပြောနေတယ်။ ရပ်တည်နေတယ်။ ပြည်သူကြားမှာ ၀င်ပြီး နိုင်ငံရေးတွေ လုပ်မယ်လို့ ကျနော်တို့ ကြွေးကြော်နေတယ်။ အစိုးရက ဘယ်လိုပဲသဘောထားထား ကျနော်တို့ပါတီက မပျက်ဘူး။ ကျနော်တို့ ထပ်မံ မှတ်ပုံမတင်တာဘဲ ရှိတယ်။ ရှိမြဲရှိနေတယ်လို့ ယူဆတယ်။ ဒေါ်အောင်ဆန်းစုကြည် စကားထဲမှာလည်း ပါပါတယ်။ ဥပဒေတွေ ဘာတွေနဲ့ ဖျက်လို့မရဘူး၊ ပါတီတရပ်ဆိုတာ ပြည်သူလူထုရဲ့ထောက်ခံမှု၊ မူဝါဒတွေ၊ ကမ္ဘာ့ထောက်ခံမှုတွေနဲ့ ရပ်တည်နေတာဟု ဦးဝင်းတင်က ပြောသည်။
ထို့အပြင် ဦးခင်မောင်ဆွေက ၎င်းတို့ဖွဲ့စည်းမည့်ပါတီကို အန်အယ်လ်ဒီ၏ ကိုယ်ပွား (lifeboat) ပါတီဖြစ်သည့် ဒေါက်တာစိန်ဝင်းတို့၏ ပါတီကဲ့သို့ သဘောထားကြောင်း ပြောဆိုခဲ့မှုနှင့်ပတ်သက်၍လည်း ဦးဝင်းတင်က လုံးဝမတူညီကြောင်း ဆက်လက် ရှင်းလင်းပြောဆိုသည်။
၎င်းက “ဘာလို့လဲဆိုတော့ ၁၉၉၀ တုန်းက ကျနော်တို့ lifeboat ပါတီတခု ထောင်ခဲ့တယ်။ ထောင်ရတဲ့အခြေအနေက ကျနော်တို့မှာ နိုင်ငံရေးအခြေအနေအမျိုးမျိုးကြောင့် စစ်အစိုးရရဲ့ လုပ်ပုံကိုင်ပုံတွေကို စိတ်မချတဲ့အတွက် ကိုယ်ပွားပါတီ သို့မဟုတ် lifeboat ပါတီတခု ထောင်ဖို့လိုတယ်လို့ သဘောရတယ်။ အဲဒီအခါမှာ ဒေါက်တာစိန်ဝင်းတို့ အမျိုးသားဒီမိုကရေစီပါတီကို ပါတီမှတ်ပုံတင်စေခဲ့တယ်။ ရွေးကောက်ပွဲကို ၀င်စေခဲ့တယ်။ ကျနော်တို့ကိုယ်တိုင်လည်း မှတ်ပုံတင်တယ် ရွေးကောက်ပွဲဝင်ခဲ့တယ်။ ကျနော်တို့ ကိုယ်ပွားပါတီကိုလည်း မှတ်ပုံတင်စေခဲ့တယ်၊ ရွေးကောက်ပွဲ ၀င်စေခဲ့တယ်။ အခုဟာက ကျနော်တို့က ရွေးကောက်ပွဲဥပဒေတွေဟာ လုံးဝမတရားဘူး၊ နောက် ရွေးကောက်ပွဲဝင်ရင် ဘာဖြစ်မလဲဆိုတဲ့အခါကျတော့ စစ်အစိုးရသက်ဆိုးရှည်ဖို့အတွက်၊ စစ်အစိုးရကို အလုပ်အကျွေးပြုဖို့အတွက် သူတို့ပြောတဲ့ လွှတ်တော်ထဲဝင်ရမယ်။ ခေါင်းလျှိုဝင်ရမယ်။ ဒူးထောက်ဝင်ရမယ်။ လက်မြှောက်ဝင်ရမယ်။ ၀မ်းလျှားမှောက်ဝင်ရမယ့် အနေအထားမျိုး ဖြစ်နေတဲ့အခါ ကျနော်တို့ ဒါတွေ လက်မခံနိုင်ဘူး။ ဒါကြောင့် ကျနော်တို့ကိုယ်တိုင်လည်း မှတ်ပုံမတင်ဘူး။ ကျနော်တို့ကိုယ်တိုင်လည်း ရွေးကောက်ပွဲမ၀င်ဘူး။ အဲလိုဆိုရင် ကျနော်တို့က အခြားအဖွဲ့အစည်း၊ အခြားလူပုဂ္ဂိုလ်တယောက် အခြားပါတီတခုကို ကျနော်တို့က မှတ်ပုံတင်စေမယ်။ ရွေးကောက်ပွဲဝင်စေမယ်ဆိုတာကတော့ အလွန်ရယ်စရာကောင်းတဲ့ အတွေးအခေါ်ပဲ။ အလွန်ရယ်စရာကောင်းတဲ့ အပြောအဆိုပဲ၊ ပိုပြီးအတိအကျပြောရရင် ဒါမရိုးသားတဲ့ အပြောအဆို အပြုအမူ၊ လူထုကို လှည့်စားတာ၊ လူတွေကိုလိမ်ညာပြီးတော့ သိမ်းသွင်းတာ အဲဒီလိုပဲပြောရမှာပဲ။ နိုင်ငံရေးရိုးသားမှု ရှိရဲ့လားဆိုတာ မေးစရာဖြစ်လာမယ်လို့ ကျနော်တော့ အဲလိုထင်ပါတယ်” ဟု ပြောသည်။
ဒေါ်အောင်ဆန်းစုကြည်က ပြီးခဲ့သည့် မတ် (၂၉) ရက်နေ့ ဗဟိုဦးစီးအဖွဲ့ အထူးအစည်းအဝေးသို့ မှာကြားချက် (၆) ချက် ပေးပို့ခဲ့ရာတွင် အဖွဲ့ချုပ် ဖျက်သိမ်းခံရလျှင် အဖွဲ့ချုပ် ပျက်စီးသည်ဟု မယူဆ၊ ပျက်စီးခြင်းမဟုတ်ဟု ထည့်သွင်းပြောကြားခဲ့သည်။
|
|
Last Updated on Saturday, 15 May 2010 03:02 |
Copyright © 2009 Tharkinwe Myanamr True News. All Rights Reserved.
အခြား Link များ
Hit Account
Content View Hits : 1398844
လက်ရှိကြည့်ရှုနေသူ
We have 5 guests online
ကြေညာချက်အမှတ်(၁/၂၀၀၇)

ပါတီခေါင်းဆောင် ဒေါ်စုကြည် အနေဖြင့် အောက်ဖေါ်ပြပါ အချက် များအား လိုက်နာပါက နိုင်ငံတော်အကြီးအကဲ ကိုယ်တိုင် လက်ခံတွေ့ဆုံဆွေးနွေးမည် ဖြစ်ကြောင်း ကြေညာခဲ့ပါသည်။
(၁) ထိပ်တိုက်ရင်ဆိုင်ရေး၊ အလုံးစုံ ပျက်သုန်းရေး။
(၂) မြန်မာနိုင်ငံအား စီးပွားရေး အဆက်အသွယ်ဖြတ်တောက်ရေး အပါအ၀င် အလုံးစုံ ပိတ်ဆို့ရေး အား ဒေါ်စုကြည်မှ စွန့်လွှတ်သွားရေး ကြေညာရန် ဖြစ်ပါသည်။
အင်:ယားအလွမ်းပြေ
အင်ယားအလွမ်းပြေ
